“ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသမီး နှစ်ဦးအနက် (၁၉) ရက်အကြာတွင် အမျိုးသမီးတစ်ဦး ပြန်လည်လွတ်မြောက်လာ”
အမှုအမှတ်စဉ် : ၀၀၂၀/ ၂၀၂၅
“ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ည (၉) နာရီခန့်က မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှ ကိုယ်ပိုင်အမှတ်ဖြင့် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် (၃) ဦးနှင့် အဆိုပါရဲဘော်များ၏ မိသားစုဝင် အမျိုးသမီး (၂) ဦးအား တက်တူကျေးရွာ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် တပ်ဖွဲ့ဝင် (၃) ဦးအား မိခင်တပ်ရင်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး (၁၉) ရက်မြောက်နေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက် ည (၇) နာရီခန့်တွင် တပ်ဖွဲ့၀င်၏ ဇနီးဖြစ်သူအား အမှုနှင့် မသက်ဆိုင်ဟုဆိုကာ ဖမ်းဆီးပြီးချိန်တွင် နေအိမ်သို့ လာရောက် သိမ်းယူသွားခဲ့သော အဆိုပါ အမျိုးသမီးပိုင် မြန်မာငွေကျပ် နှစ်ဆယ်သိန်း လေးသောင်း ရှစ်ထောင် (၂,၀၄၈,၀၀၀) ကျပ်၊ လက်ကိုင်ဖုန်းနှင့် ကာလတန်ဖိုး မြန်မာငွေကျပ် သိန်းတစ်ရာ့ လေးဆယ်ကျော် တန်ဖိုးရှိ ရွှေချိန် (၂) ကျပ်၊ (၃) ပဲ၊ (၄) ရွေး ရှိသောရွှေထည်များနှင့်အတူ ပြန်လည်ပေးအပ်ကာလွှတ်ပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် တပ်ဖွဲ၀င်၏ မိခင်ဖြစ်သူကိုမူ ၎င်းပိုင်းဆိုင်မှုများနှင့်အတူ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။
လွတ်မြောက်လာသူ အမျိုးသမီး၏ ပြန်လည်ပြောကြားချက်များအရ ဖမ်းဆီးချိန်တွင် အမျိုးသမီးများကို မည်သည့် အမှုကိစ္စဖြင့် ဖမ်းဆီးရသည်ဟု ပြောကြားခြင်း မရှိသည့်အပြင် အမှုကိစ္စများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းခြင်း၊ ပြောဆိုဆွေးနွေးခြင်း (လုံး၀) ခွင့်မပြုထားကြောင်း သိရှိရပါသည်။ စတင်ဖမ်းဆီးသွားသည့်အချိန်မှစ၍ ဇနီးဖြစ်သူအား (၂) ညအိပ် (၃) ရက်နှင့် မိခင်ဖြစ်သူအား (၅) ရက်တိုင်တိုင် ထိပ်တုံးခတ်ချုပ်နှောင်ထားခဲ့ပြီး ကျန်ရှိသော ရက်များတွင် အကျယ်ချုပ်ဖြင့် ထားရှိကြောင်းလည်း သိရှိခဲ့ရသည်။
“ဖမ်းချုပ်ထားတဲ့ တခြားမိန်းကလေးတွေလည်း ရှိတယ်။ မိန်းကလေးဦးရေကတော့ တော်တော်လေးများတယ်။ (၁၀) ယောက်လောက် ရှိမယ်။ ဘာအမှုတွေလည်းတော့ မသိဘူး။ တစ်ယောက်နဲ့ တယောက် အမှုကိစ္စစကားပြောခွင့်တွေ၊ မေးမြန်းခွင့်တွေလည်း မရှိဘူး။” ဟု လွတ်မြောက်လာသူ အမျိုးသမီးက ရှိ/ Shield အမျိုးသမီးအဖွဲ့ကို ပြောပြသည်။
ဖမ်းဆီးထိန်းသိမ်းခံရစဉ် အမျိုးသမီး (၂) ဦးအား လူခွဲစစ်ဆေးခြင်း၊ စစ်ဆေးစဉ် လက်နက်ပြ ခြိမ်းခြောက် စောင့်ကြည့်စေခြင်း၊ သက်ဆိုင်ရာ အဖွဲအစည်း၊ မိသားစု၀င်များဖြင့် လုံး၀တွေ့ဆုံခွင့် မပေးခြင်းများ ရှိခဲ့ရုံသာမက အမျိုးသမီးများမှာ မည်သည့်အမှုကိစ္စဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ကိုပင် အသိပေးခြင်း လုံး၀ မရှိသောကြောင့် ကြောက်ရွံထိတ်လန့်မှုများဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည်ဟု အဆိုပါ အမျိုးသမီး၏ ပြန်လည်ပြောကြားချက်များအရ ကြားသိရပါသည်။ လက်ရှိအချိန်တွင် ဇနီးဖြစ်သူ လွတ်မြောက်လာသော်လည်း မိခင်ဖြစ်သူအား သူမ ပိုင်ဆိုင်သော ရွှေထည်၊ ငွေကြေးများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ယနေ့ ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်တွင် (၂၅) ရက်တိတိ ရှိနေပြီ ဖြစ်သည်။
မိခင်ဖြစ်သူမှာ အသက်အရွယ်ကြီးရင့်သူ ဖြစ်သည့်အလျောက် မိသားစု၀င်များအနေဖြင့် မိခင်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအား အထူး စိုးရိမ်ပူပန်လျှက် ရှိကြပါသည်။
လွတ်မြောက်လာသူ အမျိုးသမီး၏ ပြောကြားချက်အရ “ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” သည် အမျိုးသမီးများကို ဖမ်းဆီးထိန်းသိမ်းထားစဉ် လိုအပ်သော လူ့အခွင့်အရေးစံချိန်စံညွှန်းများကို လိုက်နာသည်ဟု ကြားသိရပါသဖြင့် “ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” အား အဆိုပါ လုပ်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းလိုသည့်အပြင်
•လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သော မိခင်ဖြစ်သူ အမျိုးသမီးအား မိသားစု သို့မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံခွင့်ပေးရန်။
•အဆိုပါ အမျိုးသမီး (၂) ဦးနှင့် ပတ်သက်သော အမှုအား လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အ ေရး၊ အမျိုးသမီး အခွင့်အရေး ရပိုင်မှုများနှင့် အညီ ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ်ဖြင့် အမြန်ဆုံး စီရင်ဆောင်ရွက်ပေးရန် ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် အထူးတိုက်တွန်းပြောကြားလိုက်ပါသည်။