“ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” မှ ဆက်လက်ဖမ်းဆီးထားသော အမျိုးသမီး ၃၅ ရက်အကြာတွင် မိသားစုဖြင့် တွေ့ဆုံခွင့်ရရှိ”
“ရှိ/ Shield အမျိုးသမီးအဖွဲ့မှ ပွင့်လင်းမြင်သာသော တရားစီရင်ရေးကို ဆောင်ကြဉ်းပေးရန် တိုက်တွန်း”
အမှုအမှတ်စဉ် : ၀၀၂၀/ ၂၀၂၅
“ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ည (၉) နာရီခန့်က မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှ ကိုယ်ပိုင်အမှတ်ဖြင့် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် (၃) ဦးနှင့် အဆိုပါရဲဘော်များ၏ မိသားစုဝင် အမျိုးသမီး (၂) ဦးအား တက်တူကျေးရွာ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် တပ်ဖွဲ့ဝင် (၃) ဦးအား မိခင်တပ်ရင်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး (၁၉) ရက်မြောက်နေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက် ည (၇) နာရီခန့်တွင် တပ်ဖွဲ့ဝင်၏ ဇနီးဖြစ်သူအား အမှုနှင့် မသက်ဆိုင်ဟုဆိုကာ လွှတ်ပေးခဲ့ပြီး တပ်ဖွဲ့ဝင်၏ မိခင်ဖြစ်သူကိုမူ ၎င်းပိုင်းဆိုင်မှုများနှင့်အတူ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။
ဖမ်းဆီးထိန်းသိမ်းထားပြီး ၃၅ ရက်အကြာ မေလ (၂၃) ရက်နေ့တွင် မိခင်ဖြစ်သူအား မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး ကျန်းမာလျှက်ရှိကြောင်းနှင့် အမျိုးသမီးဆောင်တွင် အကျယ်ချုပ်အနေဖြင့် ထိန်းသိမ်းထားရှိပြီး လက်ရှိအချိန်တွင် (ထိပ်တုံးခတ်) ချုပ်နှောင်ထားခြင်းမရှိကြောင်း သိရှိရသဖြင့် ပြည်သူများအသံအား လေးစားသော “ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
ထိုသို့တွေ့ဆုံခွင့်ပေးရခြင်းမှာ သားဖြစ်သူရှေ့တန်းသွားမည်ဖြစ်ခြင်းကြောင့်ဟု သိရပြီး ခင်ပွန်းဖြစ်သူနှင့် နံနက်ပိုင်းအချိန်တွင် (၁) နာရီခန့် တွေ့ဆုံခွင့်ပေးခဲ့ပြီး ရှေ့တန်းသွားရောက်ရန် ရှိသည့် သားငယ်နဲ့အတူ ချွေးမဖြစ်သူတို့နှင့် ညနေအချိန်တွင် ထပ်မံတွေ့ဆုံခွင့်ပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအမှုတွင် ဖမ်းဆီးထိန်းသိမ်းထားသော မိခင်ဖြစ်သူအား ငွေကြေးလိမ်လည်မှုတွင် လက်ထောက်ချအကြံပေးခိုင်းစေမှုနှင့် တရားစွဲဆိုရန် “ငါးမည်ရ ကာကွယ်ရေးတပ်ဖွဲ့” မှ စီစဉ်ထားကြောင်း သိရှိရသော်လည်း မည်သည့်နေ့တွင် တရားရုံးတင်စစ်ဆေးသွားမည်ဆိုသည်ကိုမူ လက်ရှိအချိန်အထိ သိရှိရခြင်း မရှိသေးပါ။
“ရုံးချိန်းရက်သိရရင် ပြန်အကြောင်းကြားပေးမယ် ပြောပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့ ရုံးတင်မယ့်အချိန်ကို စိတ်ရှည်ရှည်ထား စောင့်နေရတဲ့ အခြေအနေပါ။ လက်ရှိတော့ အမျိုးသမီးဆောင်မှာ ထားထားပြီး ချုပ်နှောင်ထားခြင်းမျိုး မရှိပါဘူး” ဟု အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ကနဦးတောင်းဆိုချက် (၂) ချက်ဖြစ်သော
၁။ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သော မိခင်ဖြစ်သူ အမျိုးသမီးအား မိသားစု သို့မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံခွင့်ပေးရန်။
၂။ အဆိုပါ အမျိုးသမီး (၂) ဦးနှင့် ပတ်သက်သော အမှုအား လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အ ရေး၊ အမျိုးသမီး အခွင့်အရေး ရပိုင်မှုများနှင့် အညီ ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ်ဖြင့် အမြန်ဆုံး စီရင်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။
အဆိုပါ တောင်းဆိုချက်များထဲမှ နံပါတ် (၁) တောင်းဆိုချက်အား ဖော်အောင်ပေးသည့်အတွက် ရှိ/Shield အမျိုးသမီးအဖွဲ့အနေဖြင့် ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လုပ်ဆောင်မှုအပေါ် ကြိုဆိုပါသည်။
နံပါတ် (၂) တောင်းဆိုချက်ဖြစ်သော လက်ရှိ စွပ်စွဲခံရသူ အမျိုးသမီး ရင်ဆိုင်လျှက်ရှိသည့် အမှုအား လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ရပိုင်မှုများနှင့် အညီ ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ်ဖြင့် စီရင်ဆောင်ရွက်ပေးရန် ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် “ငါးမည်ရကာကွယ်ရေးတပ်ဖွဲ့” အား ထပ်မံတိုက်တွန်းပြောကြားလိုပါသည်။ အမှုမှန်ပေါ်ပေါက်လာသည့်အထိ မိမိတို့အနေဖြင့် ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပါသည်။
ရှိ/Shield အဖွဲ့အနေဖြင့် ပဋိပက္ခကာလအတွင်း အမျိုးသမီးနှင့်ကလေးများအား ဓားစာခံအဖြစ် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း သို့မဟုတ် တရားမဝင် ချုပ်နှောင်ခြင်းများကို အထူးရှုံ့ချပါသည်။ အမျိုးသမီးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ဂုဏ်သိက္ခာနှင့် လုံခြုံရေးအာမခံချက်များကို ထိပါးလာပါက “အတူတူရပ်တည် ကာကွယ်သွားမည်” ဖြစ်ပါသည်။
