ကိုရဲဟိန်းအောင် (ခ) ဖိုးသက်ြန် ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု/ အကြမ်းဖက်မှုများအပေါ် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု/ အကြမ်းဖက်မှုများအပေါ်
ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်
နေ့စွဲ : ၂၂ ဇွန်၊ ၂၀၂၅။
ရှိ/ Shield Women Organization သည် မတ် ၂၆ ရက်၊ ၂၀၂၅ ခုနှစ်တွင် အမျိုးသမီးတစ်ဦးထံမှ
“ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ အမြတ်ထုတ်မှု၊ တရားမဲ့မှု ဖြစ်တယ်ဆိုတာကို သိဖို့ ကျမ အရှက်ကို မငဲ့ကွက်နိုင်ပဲ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ဒီလို တရားမဲ့မှုမျိုးကို (Social Punishment) လူမှုပြစ်ဒဏ်ပေးခြင်းအားဖြင့် တုန့်ပြန်ပေးကြဖို့၊ တွန်းလှန်ပေးကြဖို့ အလေးအနက်ထား တိုက်တွန်းပါတယ်။
တော်လှန်ရေးအင်အားစုများအား လေးစားစွာဖြင့်
တရားမျှတမှုကို ကိုယ်တိုင်ရှာဖွေနေသူ အမျိုးသမီးတစ်ဦး “
ဆိုသော စာဖြင့် အဆုံးသတ်ရေးသားထားသော စာတစ်စောင် လက်ခံရရှိခဲ့ပါသည်။
အဆိုပါ စာကို လက်ခံရရှိပြီးနောက် ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် မေ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်တွင် နစ်နာသူ (Victim) နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဇွန် ၃ ရက်၊ ၂၀၂၅ ခုနှစ်တွင် ကျူးလွန်သူအား ဆက်သွယ်ကာ တွေ့ဆုံမေးမြန်းခြင်း စသော တရားမျှတမှု ရရှိရေး အဖြေရှာရန် လုပ်ငန်းစဉ်များ လုပ်ဆောင်ကာ ဖြစ်စဉ်အား ဘက်ပေါင်းစုံမှ အသေးစိတ်စောင့်ကြည့်လေ့လာခြင်းများ၊ အဖွဲ့၀င်များ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းများ ပြုလုပ်ခဲ့ပါသည်။
နစ်နာသူ အမျိုးသမီးနှင့် ကျူးလွန်သူ အမျိုးသား ကိုရဲဟိန်းအောင် (ခ) ဖိုးသက်ြန် သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုအပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းလာရသူများ ဖြစ်ပြီး ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် တွေ့ဆုံချစ်ကြိုက်ခဲ့ကြောင်း အတည်ပြုနိုင်ပါသည်။ ချစ်ကြိုက်ပြီးသည်နှင့် တပြိုင်နက် ကျူးလွန်သူမှ နစ်နာသူအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု/ အမြတ်ထုတ်မှုအား ကြုံတွေ့ခံစားခဲ့ရသည့်အကြောင်းကို ပြောကြားပါသည်။
“သူ့ကို စတွေ့စမှာ သူလုပ်ဆောင်နေတဲ့ အဖိနှိပ်ခံလူမျိုးစုများရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေး၊ တော်လှန်ရေးမှာ ပါ၀င်မှုတွေကြောင့် အထင်ကြီးလေးစားခဲ့မိပါတယ်။ ကျမကို တော်လှန်ရေးအတွင်း ကြုံဆုံချစ်ကျွမ်း၀င်လာရသော တော်လှန်ရေးရဲဘော်ရဲဖက် အမျိုးသမီးတစ်ယောက်အနေဖြင့် သူက ပုံဖော်ပြီး ပိုးပန်းခဲ့ပါတယ်။ မေတ္တာတုံ့ပြန်ပြီးသည့်နောက်တစ်ရက်တွင်ပင် ကိုရဲဟိန်းအောင်သည် ကျမကို လိင်ပိုင်းဆိုင်ရာ ရယူဖို့ ကြိုးပမ်းအားထုတ်မှုများ ပြုလာပါတယ်။ ကျမအနေနဲ့ ပျို့အန်သည်အထိ ဖြစ်ခဲ့ပြီး ငြင်းဆန်ထွက်ပြေးခဲ့ပါသည်။ ၎င်းမှ သူ့ကို ရွံရှာသောကြောင့် ယခုကဲ့သို့ တုန့်ပြန်ခြင်းပြုသလားဟု ဆိုလာသည့်အပေါ် အားနာသနားခြင်းကြောင့် ပြန်လည်စကားပြောဆိုလက်ခံခဲ့ပါသည်။ ထို့နောက်မှာလည်း ၎င်းမှ အခွင့်ကြုံတိုင်း လိင်ပိုင်းဆိုင်ရာ ရယူရန်ကြိုးစားမှုများ ပြုနေခဲ့ပါတယ်။ ဒါဟာ ကျမ Consent မပါပဲ လိင်ဆက်ဆံဖို့ အဆင်မပြေမှုဖြစ်တဲ့အနေအထားမှာ လိင်ပိုင်းဆိုင်ရာ ရယူရန် ကြိုးပမ်းမှု ဖြစ်ပါတယ်။”
ကျူးလွန်သူဘက်မှ ဖြေရှင်းချက်ပေးရာတွင် “ Consent “ (စိတ်ဆန္ဒသဘောထား) ရယူမှုအပိုင်းမှာ အားနည်းချက်တွေရှိခဲ့တယ်လို့ ပြန်သုံးသပ်ပါတယ်။ ဒီနေရာမှာ နောက်ထပ် သင်ယူမိတာတစ်ခုက ကျနော်တို့ အလေးမစိုက်လိုက်ဖြစ်စေ၊ တဖက်လူက သူရဲ့ အခြေအနေအရ ထုတ်ဖော်မပြနိုင်ခဲ့လို့ဖြစ်စေ ဒီပြသနာက ပြီးပြောက်သွားတဲ့ ကိစ္စမဟုတ်ဘဲ ကျူးလွန်မှုကတော့ ဖြစ်သွားနိုင်ပါတယ်။ ဒီဖြစ်စဉ်အတွင်း ကျနော့်ရဲ့ တာ၀န်ရှိမှုကိုလည်း ခံယူသလို နောက်နောင် ဒီကိစ္စမျိုးတွေ မပေါ်ပေါက်စေဖို့ အထူးဂရုပြုလိုက်နာသွားမှာ ဖြစ်ပါတယ်။ “ ဟု ပြန်လည်ပြောကြားပါသည်။
အမှန်တကယ်ပေါင်းသင်းရန် ဆန္ဒ အလျင်းမရှိပါဘဲ အွန်လိုင်းမှ လိင်ပိုင်းဆိုင်ရာစကားများ ဆက်လက်ပြောဆိုကာ လိင်အသုံးချမှုများ ပြုလုပ်ခဲ့သည်သာမက ငွေကြေးအကူအညီများလည်း ကျူးလွန်သူက ရယူခဲ့သည်ဟု နစ်နာသူက ပြောပါသည်။
ကျူးလွန်သူဘက်မှ “ ကျနော်ဟာ ကတိမတည်ခဲ့သလို သူ့အပြင် အခြားအမျိုးသမီးများအပေါ်မှာလည်း စိတ်တိမ်းညွတ်ခြင်း၊ ဆက်ဆံရေးထူထောင်နိုင်ရန် ကြိုးပမ်းခြင်း၊ အဆိုပါကာလအတွင်း အမျိုးသမီးတစ်ဦးနှင့်လည်း နှစ်ဦးသဘောတူ ကိုယ်လက်နှီးနှောနေထိုင်မှုအကြိမ်အချို့ ရှိခဲ့ပါတယ်။ ထို့အတူ တချိန်မှာ အိမ်ထောင်ပြုကြဖို့အထိ ကျနော့်ဘက်က ပြောဆိုမှုတွေ ရှိခဲ့တာကိုလည်း ထည့်သွင်း၀န်ခံချင်ပါတယ်။“ ဟု ထုတ်ဖော်ပြောကြားပါသည်။
သုံးသပ်ချက်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၅) တွင်
(၁) မိန်းမက အလိုမတူငြင်းဆန်ခြင်း၊
(၂) မိန်းမက ခွင့်မပြုခြင်း၊
(၃) မိန်းမက ခွင့်ပြုသော်လည်း ထိုသို့ခွင့်ပြုရခြင်းမှာ ထိုမိန်းမအား သေစေမည်ဟုသော်လည်းကောင်း၊ နာကျင်စေမည်ဟုသော်လည်းကောင်း ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုရခြင်း ဟု ပါရှိသည်။
မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပါရှိသည်။
ထို့ကြောင့် စိတ်ဆန္ဒသဘောထား တောင်းဆိုခြင်းသည် အလွန်အရေးကြီးပြီး တစ်နည်းနည်းဖြင့် ခြိမ်းခြောက်တောင်းဆိုခြင်း၊ အကျပ်ကိုင်တောင်းဆိုခြင်း မဖြစ်ဖို့ရာ လိုအပ်သည်။ အမျိုးသားများသည် အတူနေအမျိုးသမီး၏ စိတ်သဘောဆန္ဒအား မျက်ကွယ်ပြုခြင်း၊၊ ကျန်းမာရေးကို ဂရုမပြုခြင်း၊ မိမိစိတ်ဆန္ဒတစ်ခုတည်းကိုသာ ရှေ့တန်းတင်ဆုံးဖြတ်ခြင်းတို့အား လုံး၀ ဆင်ခြင်ရမည်ဖြစ်သည်။
ကာမလိမ်လည်ရယူမှုဟု သီးခြားပြဌာန်းထားသော ဥပဒေပုဒ်မ မရှိသော်လည်း ရာဇသတ်ကြီးပုဒ်မ (၄၁၇) တွင် “ မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသူအား လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်လည်းကောင်း၊ မရိုးဖြောင့်သောသဘောဖြင့်သော်လည်းကောင်း သွေးဆောင်လျှင် ထို့ပြင် ပြုလုပ်မှုက လှည့်ဖြားခံရသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကို ဖြစ်စေ ပျက်စီးနစ်နာစေလျှင် ကာမလိမ်လည်ရယူမှုဖြင့် စွဲဆိုနိုင်သည်ဟု ပါရှိသည်။
ရာဇသတ်ကြီးပုဒ်မ ၄၁၇ ၌ မည်သူမဆို လိမ်လည်မှုကို ကျူးလွန်လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်သည်။
အမျိုးသားများအနေဖြင့်လည်း အမျိုးသမီးတစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာကိစ္စများတွင် အမျိုးသမီး၏ ခံစားချက်၊ အခွင့်အရေးနှင့် တောင်းဆိုမှုများအား လေးစားရမည်ဖြစ်ပြီး အတူနေစဉ် သစ္စာမဲ့ခြင်း၊ လက်ထပ်လိုစိတ်မရှိဘဲ လက်ထပ်ပါမည်ဟု ကာမရရှိရုံသက်သက် လွယ်လင့်တကူ ပြောဆိုကတိပေးခြင်း၊ ပြသနာများ ဖြစ်ပွားလာပါက မိမိကိုယ်ကို ကာကွယ်ချင်ရုံသက်သက်ဖြင့် နစ်နာသူအား ထပ်ဆင့်နစ်နာသူ ဖြစ်စေနိုင်သော အပြုအမူအပြောအဆိုများ ပြုလုပ်ခြင်းကို ဆင်ခြင်ရမည် ဖြစ်သည်။
အနှစ်ချုပ်
ကျူးလွန်သူသည် အွန်လိုင်းတွင် ပိုစ့်တင်ကာ ၀န်ချတောင်းပန်ခြင်း၊ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများတွင် ၀န်ချတောင်းပန်ခြင်းများ ပြုလုပ်သော်လည်း ကျွန်ုပ်တို့ စိုးရိမ်မိသည်မှာ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု/ အမြတ်ထုတ်မှုသည် ကြီးလေးသော ပြစ်မှုမြောက်ခြင်းအား မေ့လျော့ပြီး ၀န်ခံတောင်းပန်ခြင်းဖြင့် ဖြေရှင်းနိုင်သော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာမည် ဖြစ်သည်။
ရှိ/ Shield အမျိုးသမီးအဖွဲ့သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ခွဲခြားခံရမှုများမှ ကင်းလွတ်သော လူမှုပတ်၀န်းကျင်ကောင်းတစ်ခုအား တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန် ရပ်တည်လျက်ရှိသည့်အတွက် ယခုဖြစ်စဉ်တွင် နစ်နာသူအမျိုးသမီးနှင့် အတူ ရပ်တည်သွားပြီး နစ်နာသူအမျိုးသမီးများဘက်မှ တရားမျှတမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဆိုပါက အမှုမှန်ပေါ်ပေါက်သည်အထိ ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။

 

 

Leave a Comment

Your email address will not be published. Required fields are marked *